Search This Blog

Wednesday, October 9, 2013

ကျွန်မအကြောင်း ကျွန်မအမြင် ကျွန်မ မကျွမ်းကျင်တဲ့အရာ

ကျွန်မကို မာနကြီးတဲ့သူ၊ စကားနည်းသူ၊ ကြီးကျယ်သူလို့ တချို့လူတွေက ထင်ကြတယ်။ အဲလူတွေက ကျွန်မနဲ့ (သူငယ်ချင်းဖြစ်သွားရင်ဖြစ်သွားနိုင်ပေမယ့်) မရင်းနှီးတဲ့သူတွေပါ။ သူတို့ကိုယ်သူတို့တော့ ကျွန်မအကြောင်းတော်တော်သိတယ်လို့ ထင်ကြပါလိမ့်မယ်။ 

ကျွန်မနဲ့ စိတ်ထဲ ရင်းနှီးသွားပြီလို့ထင်ရတဲ့သူကိုလား... ပါးစပ်မပိတ်တမ်း သူနဲ့ပဲ ကျွန်မစကားပြောတော့မှာပါ။ တခြားလူတွေကို ရှိတယ်လို့တောင် ကျွန်မဂရုစိုက်မှာမဟုတ်ဘူး။ ကျွန်မလူတိုင်းနဲ့လိုက်လျောအောင်နေပေမယ့် ကျွန်မ ရင်ထဲက ကျွန်မအပေါ်ကောင်းတယ်လို့ မြင်တဲ့သူကိုတော့ သူဘာလိုလို လုပ်ပေးဖို့ဝန်မလေးဘူး။ 

ကျွန်မ အကြောင်းပြောကြည့်ရအောင်။ ကျွန်မက ရန်ကုန်မြို့ရဲ့ လူနေရှုပ်ထွေးပွေလီလှတဲ့ တိုက်ခန်းတွေမှာ ကြီးပြင်းခဲ့ရတာပါ။ မြို့လယ်နေ လူတန်းစားတွေရဲ့ အလေ့အထအတိုင်း ကလေးတွေဟာ လမ်းတွေထဲမှာ ညနေခင်းဆို ကြိုးခုန်၊ ထုတ်ဆီးတိုး၊ လိုက်တန်းပြေးတန်း ကစားနည်းမျိုးစုံ ကစားကြတယ်။ နွေရာသီကျောင်းပိတ်ရက်ဆိုရင်တော့ မရပ်မနားတန်း ကစားကြတာပေါ့။ အဲလိုအချိန် ကျွန်မဘာလုပ်လဲ ဟုတ်လား။ အိမ်ရှေ့  ပြတင်းပေါက်က သံတိုင်လေးတွေကိုကိုင်ပြီး ရွယ်တူကလေးတွေ ကစားခုန်ပေါက် ရယ်မောနေတာတွေကို ထိုင်ကြည့်နေတာပေါ့။ ကျွန်မမှာ သူတို့လို ကစားခွင့် သူငယ်ချင်းထားခွင့် အိမ်လည်ခွင့်မှ မရှိဘဲ။ တခါတရံ နွေကျောင်းပိတ်ရက် အဖွားအိမ်သွားလည်လို့ ၀မ်းကွဲတွေနဲ့ ကစားရင်တောင် အိမ်ရှေ့မှာပဲ ကျွန်မကစားရတယ်။ သူတို့ တခြားနေရာမှာ သွားကစားမယ်ဆိုရင် ကျွန်မကိုထားခဲ့ကြတယ်။ ကျွန်မလိုက်ချင်ရင်တောင် ပေးမလိုက်ကြဘူး။ ကျွန်မကြောင့် သူတို့ဆူခံထိမယ်တဲ့။ သူတို့သွားကြရင် ကျွန်မတစ်ယောက်တည်း ကျန်ခဲ့ရပါတယ်။ သူငယ်ချင်းအသစ်ထားတာဟာ ကျွန်မရဲ့ ရိုးတွင်းချဉ်ဆီထဲ ဆွဲနေတဲ့ မကျွမ်းကျင်တဲ့အရာဖြစ်လာခဲ့တယ်။ 

မူလတန်းကနေ ကျောင်းကြီးပြောင်းတော့ ကျွန်မနေတဲ့ အိမ်ရှေ့က ကောင်မလေးကလည်း ကျွန်မ အတန်းတူ အခန်းကွဲဖြစ်လာတယ်။ ကျောင်းရောက်တော့ တဖြေးဖြေးရင်းနှီးလာတော့ ကျွန်မဘာလို့ ကြီးကျယ်ပြီး သူတို့နဲ့ ဘာလို့မကစားတာလဲဆိုတာ သူတို့သိလာကြတယ်။ အထက်တန်းကျောင်းတလျှောက်မှာ ကျွန်မကိုနားလည်ပေးတဲ့သူတွေ လက်ချိုးရီလို့ရပါတယ်။ တယောက်က ခုထိကျွန်မမွေးနေ့ကို မှတ်မိတုန်း။ မွေးနေ့ရောက်ရင် သူကိုယ်တိုင်မလာနိုင်ရင်တောင် ကျွန်မဆီလက်ဆောင်တွေက ရောက်လာတတ်တယ်ပြီး ကျွန်မအနွံအနာကို အခံဆုံး၊ ကျွန်မအချစ်ရဆုံးသူပေါ့။ နောက်တစ်ယောက်က လူ့လောကထဲကနေ အစောကြီးထွက်ခွါသွားပြီ။ နောက်တစ်ယောက်က ကျွန်မထက်ကြီးပေမယ့် ရွယ်တူလိုပဲ ကြီးပြင်းခဲ့တာ။ သူက ကျောင်းသွားကျောင်းပြန် ကျူရှင်တတ်ဖို့တောင် အိမ်တိုင်ယာရောက်လာခေါ်တတ်တဲ့သူ။ နောက်တစ်ယောက်ကတော့ မူလတန်းထဲကနေသိကျွမ်းခဲ့ပြီး သူ့တစ်ယောက်အိမ်ကိုပဲ ကျွန်မတခါတရံသွားကစားခွင့်ရခဲ့တဲ့ ကျွန်မသူငယ်ချင်းပေါ့။ 

ကျွန်မ ဖာသီးဖာသာနေတတ်တဲ့အကျင့်က အထက်တန်းကျောင်းပြီးလို့ ကွန်ပြူတာသင်တန်းတတ်တော့လည်း မပြောင်းပါဘူး။ ကျွန်မဘေးက အမကလွဲလို့ တခြားသူတွေကို ကျွန်မစကားမပြောပါဘူး။ သင်တန်းပြီးလို့ အလုပ်ပြန်လျှောက်တော့ ဆရာမတွေက ကျွန်မကို အလုပ်ပြန်ခန့်ဖို့ တော်တော်စဉ်းစားကြတယ်။ ဒီလောက်စကားနည်းတဲ့သူကို ဘယ်လိုအလုပ်ခန့်မလဲပေါ့နော်။ ကံကောင်းတယ်ပဲဆိုရမလား ကျွန်မ သင်တန်းမှာအလုပ်ရသွားတယ်။ အလုပ်ခွင်ဝင်တော့ တဖြေးဖြေးနဲ့သိတဲ့သူတွေများလာတယ်။ ကျွန်မအကြောင်းသိပ်မသိကြပေမယ့် ကျွန်မ သူငယ်ချင်းတွေဖြစ်လာတယ်။ အစ်ကိုတွေ အမတွေလိုတွေလည်း ရှိလာတယ်။ ဆယ်ကျော်သက်နဲ့ အလုပ်ခွင်ဝင်ခဲ့တာဆိုတော့ အပေါင်းအသင်းများလာလေ ကျွန်မပျော်လေဖြစ်ရတာပေါ့။ 

တရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို အလုပ်တခုကနေ တခုပြောင်းလို့ သုံးခုမြောက်မှာ တကယ့်လူ့လောကအလုပ်ခွင်ထဲရောက်သွားခဲ့ပါတယ်။ ယှဉ်ပြိုင်မှုတွေ၊ မနာလိုမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ပေါ့။ လူဆိုတာကလည်း သူတို့မရတာ သူများရရင် မကျေနပ်နိုင်ကြဘူးလေ။ ကျွန်မအတွက်ကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မကျေနပ်တာက ကျွန်မမဟုတ်ဘူး သူတို့မရနိုင်တာ ကျွန်မရခဲ့လို့လေ။ ထားပါတော့။ အဲမှာလည်း အပေါင်းအသင်းမိတ်ဆွေတွေရခဲ့ပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေလို၊ ဆယ်ကျော်သက်အရွယ် အလုပ်ခွင်က သူငယ်ချင်းတွေလိုတော့ မဟုတ်တော့ဘူးပေါ့။ 

ကျွန်မအကြောင်းကို ဘယ်သူမှ သေချာမသိကြပါဘူး။ ကျွန်မကို သူငယ်ချင်းတစ်ယောက်ကပြောတယ် နင်က ငါတို့လို လမ်းဘေးကအစားအစာတွေမစားလို့ ခုလို နိုင်ငံမျိုးရောက်တာတဲ့။ ကျွန်မသူ့ကို ဘာပြန်ပြောရမှာလဲ ကျွန်မလမ်းဘေးစာတွေစားတဲ့အခါ သူမှ မပါဘဲကိုး။ တခြားသူတွေ တက္ကသိုလ်ပျော်ပျော်ကြီးတတ်၊ လျှောက်လည်နေချိန်မှာ ကျွန်မမှာ အလုပ်တဘက်နဲ့ (အလုပ်အဆင်ပြေအောင်) တခြား သင်တန်းတွေတဘက်ရှုပ်နေတာ ဘယ်သူသိမှာလဲ။ 

ဒီနှစ်ရန်ကုန်ပြန်လည်တော့ မောင်လေးကပြောတယ် မကြီးက ကံကောင်းတယ် ငယ်ငယ်က သူငယ်ချင်းတွေ ခုထိ ဆက်ခင်တုန်း အဆက်အသွယ်ရှိတုန်းနော်တဲ့...

No comments:

Post a Comment