ကျွန်မ အရိုးထဲကစွဲနေတဲ့ ၀ါသနာတခုရှိတယ်။ အဲဒါက ကျွန်မနဲ့ရင်းနှီးသူ တယောက်ယောက် အကူအညီလိုရင် အကြံပေးတာ၊ အားငယ်နေရင် အားပေးတာပါ။ ကျွမ်းကျင်တာတခုလို့ပြောရမလား သူများမမြင်နိုင်တဲ့ အဆိုးအကောင်းနှစ်ခုလုံးကို ရှာရှာကြံကြံ ပေါက်တတ်ကရကို ကျွန်မမြင်တတ်တယ်။
တချို့အပေါင်းအသင်းတွေ ကျွန်မနဲ့လာစကားပြောရင် နီးနီးဝေးဝေး အတတ်နိုင်ဆုံးသူတို့ စိတ်ဓါတ်တွေမြင့်လာအောင်၊ အားတက်လာအောင် ပြောတတ်ပါတယ်။ သူတို့ဖြစ်နေတဲ့ အခက်အခဲတွေကိုလည်း ကူပြီး အကြံပေးတတ်ပါတယ်။ စာတော် ပညာတတ်မဟုတ်ပေမယ့် ကျွန်မမှာရှိတဲ့ အတွေ့အကြုံ အသိဥာဏ်လေးနဲ့ သူတို့ကို အားပေးတယ်။ စိတ်ဓါတ်ကျစရာအကြောင်းတွေကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ စဉ်းစားပေးတယ်။ သူတို့ ပြဿနာတွေကို အဖြေထွက်ဖို့ အကြံပေးတာနော်။ တခါမှ ဆုံးဖြတ်မပေးဖူးဘူး။ လူတိုင်းမှာ ကိုယ့်ရွေးခြယ်ပိုင်ခွင့်ရှိကြတယ်လေ။ ကျွန်မခုအသက်အရွယ်ထိ ဘယ်သူ့ ဆုံးဖြတ်ပေးတာမှ မလိုက်နာခဲ့ဘူး အကြံပေးတာကိုတော့ လက်ခံပြီး ကိုယ့်အတွက် အဖြစ်နိုင်ဆုံး အကောင်းဆုံးကိုရွေးခြယ်တယ်။
တခါက ကျွန်မသူငယ်ချင်းတစ်ယောက်ဆိုပါတော့။ သူ့ရဲ့ရည်းစားအကြောင်းပြောလာတယ်။ သူ့ရည်းစားနောက်ကြောင်းက သိပ်မလှတော့ ကျွန်မသူ့ကိုပြောပြတယ် ယောကျာ်းဆိုတာ ရည်းစားဖြစ်ရင် တောင်းဆိုလာတာတွေရှိမယ်။ (ကျွန်မ အမေပြောတဲ့စကားတခွန်းရှိတယ်။ ကျွန်မ ဆယ်တန်းအဆောင်သွားမနေခင်ကပေါ့။ ယောကျာ်းဆိုတာ ကြီးကြီးငယ်ငယ် ယောကျာ်းပဲတဲ့။ အဲအချိန်တုန်းက ကျွန်မဘာသိမှာလဲ။ မိန်းကလေးကျောင်းမှာနေပြီး ယောကျာ်းလေး သူငယ်ချင်းတယောက်တလေမှတောင် မရှိခဲ့တာ။) ဘာပဲဖြစ်ဖြစ် တောင်းတာကသူ့အပိုင်း လိုက်ရောတာ မလိုက်ရောတာက ကိုယ့်အပိုင်း။ သူတို့တောင်းတာမရလို့ ကိုယ့်ကိုဆက်မတွဲဘူးဆိုရင် ကိုယ့်ကိုတကယ်မချစ်လို့ပေါ့။ ကိုယ်ကလိုက်ရောလိုက်ပြီးမှ ဒီမိန်းကလေးက ဒီလိုပဲ လွယ်တယ်လို့ထင်သွားရင် ကိုယ်ပဲ ကိုယ်ကျိုးနည်းရမှာလို့ ကျွန်မပြောခဲ့တယ်။ သူ့ရွေးခြယ်မှုကိုလား ကျွန်မနဲ့မဆိုင်ဘူးလေ။ သူ့ဘ၀သူပိုင်တာကိုး။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာထွက်ပြီး အလုပ်လုပ်နေရတဲ့ သူငယ်ချင်းတွေကို အမြဲအားပေးတယ်။ တချို့က အလုပ်အတွေ့အကြုံ အခက်အခဲတွေ၊ ဘာသာစကား မကျွမ်းကျင်မှုတွေစုံလို့ပေါ့။ ကျွန်မလဲ သူတို့နဲ့မခြား ပညာသင်ခဲ့ရတာပဲလေ။ လိုအပ်ချက်တွေ အားနည်းမှုတွေကို စာနာနိုင်တာပေါ့။ ကျွန်မကြုံခဲ့ရတာတွေနဲ့အမြဲယှဉ်ပြီးပြောပြတတ်တယ်။ သူတို့ကို လူတိုင်းမှာ အခက်အခဲရှိတာကိုပြချင်တာလဲပါတာပေါ့။ ငါအခက်အခဲကို ကျော်လွှားနိုင်တယ်ဆိုပြီး ဂုဏ်ယူတာမျိုးမရှိခဲ့ပါဘူး။
လိုအပ်လာတဲ့လူကို ကူညီရမှာ ၀န်မလေးပေမယ့် တခါတလေ ကျွန်မစိတ်ထဲ ကန့်လန့်ဖြစ်လာရင်တော့ အဲလူကို လွှတ်ထားလိုက်ပါတယ်။ တခါက မဖြစ်မနေတက်ရမယ်ဆိုလို့ သင်တန်းတခုတက်တယ်။ ကျွန်မမှာက အလုပ်အတွေ့အကြုံရှိဖူးတယ်ဆိုတော့ ကျွန်မအတွက်လွယ်ကူတယ်ပေါ့။ တူတူတတ်တဲ့ သူငယ်ချင်းကလည်း သူမှာ ခုသင်တန်းအတွက် ဗဟုသုတရှိပြီးသားလို့ပြောတယ်။ ကျွန်မဘေးကတယောက်ကတော့ တခါမှမသိဘူးတာကိုသင်နေရလို့ သူ့အတွက် အသစ်အဆန်း အခက်အခဲဖြစ်နေတယ်။ အဲဒါနဲ့ ကျွန်မသူ့ကို ကူပြီး ရှင်းပြခဲ့တယ်။ ကျွန်မသူငယ်ချင်းရဲ့ မူက သူများလုပ်နိုင်တာ သူဘာလို့မလုပ်နိုင်ရမှာလဲ စိတ်ရှိတော့ ကျွန်မသူ့ကိုပြောနေရင် ဆရာလုပ်သလိုဖြစ်မှာနဲ့ လွှတ်ထားလိုက်တယ်။ နောက်တော့ မကြာဘူး သူသင်တန်းကထွက်သွားတယ်။ မထွက်ခင် ကျွန်မသူ့ကိုပြောသေးတယ် မသိတာရှိရင် ပြောပြမယ် မထွက်ပါနဲ့ဆိုတာ သူကလက်မခံဘူး။ ကျွန်မဘာများ ပိုလုပ်ပေးနိုင်မှာလဲနော်။
ကျွန်မပြောပြပေးလိုက်လို့ အဆင်ပြေသွားရင်လား ကျွန်မ၀မ်းသာတယ်။ တချို့လူတွေက အသိအမှတ်ပြုလာရင် အတိုင်းအဆမဲ့ပေါ့။ အဆင်မပြေဘူးဆိုရင်တော့ စိတ်မကောင်းဖြစ်ရတာပေါ့။ ဥပမာတခုပေးရရင် အရမ်းခက်တဲ့ ဂိမ်းတခုကစားတယ်ဆိုပါတော့။ ကိုယ်ရောက်တဲ့အဆင့်တိုင်းကို အားကျိုးမာန်တက် ကစားလိုက်ရတယ်။ အဲလိုနဲ့ ကစားတာ အဆင့်များလာလေ အရင်ကအဆင့်တွေက လွယ်သွားလေလို့ ခံစားရလာလေပေါ့။ ခုမှစကစားရတဲ့သူတွေကို ဒီလောက်လွယ်လွယ်လေးကို ဘာလို့ခက်နေရတာလဲ ငါကစားနေတဲ့အဆင့်ဆိုဘယ်လောက်ခက်တာလို့ ပြောတတ်တဲ့လူတွေနဲ့ကြုံခဲ့ရတော့ ကျွန်မကတော့တခြားသူတွေကို ဒီဂိမ်းလေးကို ဘယ်လိုလွယ်ကူအောင် ကစားရတယ်လို့ ကူညီပြီးပဲပြောပြချင်ပါတယ်။
No comments:
Post a Comment