Search This Blog

Monday, November 11, 2013

ဒန်ပေါက် ချက်စားရအောင်

ပါဝင်ပစ္စည်းများ။ ။
ကြက်သား
ဆီ
ဂီးထောပတ်
ဒိန်ချည်
ဒန်ပေါက်မဆလာ
ဆန်
ကြက်သွန်ကြော်
ဂရန်မဆလာ (သစ်ဂျပိုးခေါက်၊ ဖာလာစေ့၊ ကူးမင်း၊ စတားနိ… မထောင်းထားတဲ့ မဆလာအရော)
ပဲနီလေး အမဲ (optional)
ပဲစိမ်းသီး
မုန်လာဥနီ
သီဟိုလ်စေ့
စပြစ်သီးခြောက်
အ၀ါရောင်ဆိုးဆေး

ချက်နည်း။ ။ ဒန်ပေါက်ချက်ရင် ကြက်ကို အတုံးကြီးကြီးတုံးကြတယ် အလှူ မင်္ဂလာဆောင်ဆို အမြင်လှတာပေါ့။ ဒီမှာတော့ အသားရော ထမင်းပါ နည်းနည်းပဲ စားတတ်ကြတာရယ် ကြက်ကလည်းကြီးတာရယ်ကြောင့် ၁၀ပိုင်းလောက် အတုံးသေးသေးပဲ တုံးခိုင်းလာတယ်။ (ကိုယ်မြန်မာတွေကတော့ ကြက်သားတုံးကြီးမှ ကြိုက်တတ်ကြလို့ ၄ပိုင်း (သို့) ၆ပိုင်းပိုင်းပေါ့)။ ပြီး ဆီနည်းနည်း၊ ဂီးထောပတ်နည်းနည်း၊ ဒိန်ချည် ၃ဇွန်း၊ ဒန်ပေါက်မဆလာ (ဒီမှာတော့ ကုလားဆိုင်မှာ ဒန်ပေါက်မဆလာ မျိုးစုံရတယ်)၊ဆား အားလုံးကို ရောနယ်ပြီး ရေခဲသေတ္တာထဲ ၃/၄ နာရီလောက် နှပ်ထားလိုက်ပါ။

ကြက်သားချက်ပါမယ်။ အိုးကိုပူအောင်တည်ပြီး ဆီ၊ ဂီထည့်ပြီး ဆီပူလျှင် ကြက်သားနှပ်ထားတာကို ထည့်ကြော်ပါ။ ရေနည်းနည်းထည့်ချက်ပြီး အနှစ်အတွက် ကြက်သွန်ကြော်ထည့်ပါ။ ကြက်သားကနှပ်ထားတာမို့ ရေခန်းရင် ရပါပြီ။

ဆန်(ဘာစမာတီ) ၅ခွက် ကို ရေစိမ်ပြီးမှချက်ရင်ပိုကောင်းလို့ နာရီဝက်လောက်ရေစိမ်ထားပါ။ ဂရန်မဆလာကို ရေသပ်သပ်စိမ်ထားပါ။ ထမင်းချက်ဖို့ ရေအိုးတည်ပါ။ ရေပွက်ပွက်ဆူလာရင် ဆားထည့်၊ ဂရန်မဆလာ စိမ်ထားတဲ့ရေကို စစ်ထည့်ပါ။ ပြီးရင် ဆန်ထည့်ချက်ပါ။ ဆန်မကျက်တကျက်မှာ ရေစစ်ထားပါ။

ပဲနီလေးအမဲကို ရေခန်းလေးပြုတ်ထားပါ။ (optional)

ဒန်ပေါက်အတွက် အိုး (သို့) အလူမီနီယံ ဗန်းထဲကို ထမင်း တ၀က်ခင်းပါ။ နောက်တလွှာကို ကြက်သားခင်းပါ။ ကြက်သွန်ကြော်၊ သီဟိုလ်စေ့၊ စပစ်သီးခြောက်၊ ပဲနီလေးအမဲ၊ ပဲစိမ်းသီး၊ မုန်လာဥနီ အားလုံးကို အလွှာလိုက်စီ ခင်းပါ။ ထမင်းနောက်တလွှာထပ်ခင်းပါ။ အားလုံးထည့်ပြီးမှ အ၀ါရောင်ဆိုးဆေးမှုန့်ကိုရေဖျော်ပြီး ထမင်းပေါ် တောက်ပေးပြီး အာဗန်ထဲထည့် ၂၅၀ ဒီဂရီလောက်နဲ့ ၁နာရီလောက်ချက်လိုက်ရင် အရသာရှိတဲ့ ဒန်ပေါကလေးရပါပြီ။ (မီးပြင်းပြင်းနဲ့ချက်တာထက် မီးအေးအေးလေးနဲ့ ကြာကြာချက်တာကို ကျွန်မပိုကြိုက်ပါတယ်)
အာဗန်မရှိသူများအတွက်
 ___________________
ဒယ်အိုး (သို့) ဒန်အိုးထဲကို အပေါ်ကနည်းအတိုင်း ဒန်ပေါက်အတွက်ပြင်ပါ။ မီးသွေးမီးဖိုနဲ့ အောက်မီး အပေါ်မီးလေးနဲ့ ချက်ရင်လဲရပါတယ်။

မှတ်ချက်။ ။၂၀၀၈ လောက်က သူငယ်ချင်းတစ်ယောက်ချက်နည်းပြောပြတာရယ်၊ ဖေ့ဘုတ်ကလူတွေရဲ့ ချက်နည်းတွေရယ်၊ ယောကျာင်္း ဦးလေးချက်နည်းရယ်၊ အားလုံးကို လိုက်နာပြီး ချက်တာ အကြိမ်နှုန်းများလာတော့ ဒီလိုကောင်းလာတာပါ။

Saturday, October 12, 2013

ဒို့ကျောင်း

ဒို့တွေကျောင်းက တခြားကျောင်းတွေလို နာမည်ကြီးချင်မှ ကြီးခဲ့မယ် 
ဒို့တွေဆရာမတွေက တခြားဆရာမတွေထက် တော်ချင်မှ တော်ခဲ့မယ်
ဒို့တွေကျောင်းရံပုံငွေက တခြားကျောင်းတွေထက် များချင်မှ များခဲ့မယ်

ဒီကျောင်း ဒီဆရာမတွေက...
ဒို့တွေကို အန္တရယ်တွေကြားက အကာအကွယ်တွေပေးခဲ့တယ်။
ဒို့တွေကို ပွဲလယ်တင့်ရအောင် ပညာနို့ရည်တွေ တိုက်ကျွေးပေးခဲ့တယ်။
ဒို့တွေကို သမီးတွေလို စေတနာတွေ ထားပေးခဲ့တယ်။
ဒို့တွေကို စည်းကမ်းရိုအောင် လမ်းပြ သွန်သင်ပေးခဲ့တယ်။

တခြားကျောင်းတွေနဲ့ ပွဲတွေတူတူသွားရရင်...
ဒို့ကျောင်းသူတွေ မျက်နှာမငယ်အောင် ဒီဆရာမတွေက ကာကွယ်ပေးခဲ့တယ်။
ဒို့ကျောင်းသူတွေ နေရာရအောင် ဒီဆရာမတွေ တိုက်ခိုက်ပေးခဲ့တယ်။

ဒီကျောင်း ဒီကျောင်းသူတွေကို ချစ်ခင်လို့ ဒီကျောင်းမှာ ဖက်တွယ်ပြီး
ဒို့တွေကို ပညာဖြန့်ဝေပေးခဲ့တဲ့ ဒီဆရာမတွေကို ဒို့တွေ လေးစားရမယ်။
ဒို့တွေကို စေတနာထားခဲ့တဲ့ ဒီဆရာမတွေကို ဒို့တွေ ပြန်တုံ့ပြန်ရမယ်။
ဒို့တွေကို ကာကွယ်ပေးခဲ့တဲ့ ဒီဆရာမတွေကို ဒို့တွေ ရိုသေရမယ်။

ဒီဆရာမတွေကို ဂါရ၀ပြုပွဲလုပ်မှာကို...
ဒို့တွေ အလုပ်များလို့ ...
ဒို့တွေ အဆင်မပြေလို့ ...
ဒို့တွေ မအားလို့ ...
ဒို့တွေ ဝေးနေလို့ ...
ဆိုတဲ့ ဆင်ခြေတွေပေးပြီး ရှောင်ထွက်သွားမှာလား???

အချိန်ဆိုတာပြန်မရနိုင်သလို ဒီဆရာမတွေကလည်း အစားထိုးလို့မရနိုင်ပါဘူး။
ဒီနှစ်မှာ ဒို့တွေ ဒီဂါရ၀ပြုပွဲကို မပါဝင်ခဲ့ရင် နောက်နှစ်ဆိုတာ ရှိနိုင်ပါ့မလား။
ဒီနှစ်မှာ ဒို့တွေ ဒီဆရာမတွေကို သွားဂါရ၀မပြုခဲ့ရင် နောက်နှစ်ကျ တွေ့နိုင်ပါ့မလား။
ဒီနှစ်မှာ ဒို့တွေ ဒီပွဲမှာ ငွေအား လူအား မကူညီနိုင်ခဲ့ရင် နောက်နှစ်ကျ ကူညီနိုင်ပါ့မလား။

Thursday, October 10, 2013

ရိုးတွင်းစွဲ ၀ါသနာ

ကျွန်မ အရိုးထဲကစွဲနေတဲ့ ၀ါသနာတခုရှိတယ်။ အဲဒါက ကျွန်မနဲ့ရင်းနှီးသူ တယောက်ယောက် အကူအညီလိုရင် အကြံပေးတာ၊ အားငယ်နေရင် အားပေးတာပါ။ ကျွမ်းကျင်တာတခုလို့ပြောရမလား သူများမမြင်နိုင်တဲ့ အဆိုးအကောင်းနှစ်ခုလုံးကို ရှာရှာကြံကြံ ပေါက်တတ်ကရကို ကျွန်မမြင်တတ်တယ်။

တချို့အပေါင်းအသင်းတွေ ကျွန်မနဲ့လာစကားပြောရင် နီးနီးဝေးဝေး အတတ်နိုင်ဆုံးသူတို့ စိတ်ဓါတ်တွေမြင့်လာအောင်၊ အားတက်လာအောင် ပြောတတ်ပါတယ်။ သူတို့ဖြစ်နေတဲ့ အခက်အခဲတွေကိုလည်း ကူပြီး အကြံပေးတတ်ပါတယ်။ စာတော် ပညာတတ်မဟုတ်ပေမယ့် ကျွန်မမှာရှိတဲ့ အတွေ့အကြုံ အသိဥာဏ်လေးနဲ့ သူတို့ကို အားပေးတယ်။ စိတ်ဓါတ်ကျစရာအကြောင်းတွေကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ စဉ်းစားပေးတယ်။ သူတို့ ပြဿနာတွေကို အဖြေထွက်ဖို့ အကြံပေးတာနော်။ တခါမှ ဆုံးဖြတ်မပေးဖူးဘူး။ လူတိုင်းမှာ ကိုယ့်ရွေးခြယ်ပိုင်ခွင့်ရှိကြတယ်လေ။ ကျွန်မခုအသက်အရွယ်ထိ ဘယ်သူ့ ဆုံးဖြတ်ပေးတာမှ မလိုက်နာခဲ့ဘူး အကြံပေးတာကိုတော့ လက်ခံပြီး ကိုယ့်အတွက် အဖြစ်နိုင်ဆုံး အကောင်းဆုံးကိုရွေးခြယ်တယ်။

တခါက ကျွန်မသူငယ်ချင်းတစ်ယောက်ဆိုပါတော့။ သူ့ရဲ့ရည်းစားအကြောင်းပြောလာတယ်။ သူ့ရည်းစားနောက်ကြောင်းက သိပ်မလှတော့ ကျွန်မသူ့ကိုပြောပြတယ် ယောကျာ်းဆိုတာ ရည်းစားဖြစ်ရင် တောင်းဆိုလာတာတွေရှိမယ်။ (ကျွန်မ အမေပြောတဲ့စကားတခွန်းရှိတယ်။ ကျွန်မ ဆယ်တန်းအဆောင်သွားမနေခင်ကပေါ့။ ယောကျာ်းဆိုတာ ကြီးကြီးငယ်ငယ် ယောကျာ်းပဲတဲ့။ အဲအချိန်တုန်းက ကျွန်မဘာသိမှာလဲ။ မိန်းကလေးကျောင်းမှာနေပြီး ယောကျာ်းလေး သူငယ်ချင်းတယောက်တလေမှတောင် မရှိခဲ့တာ။) ဘာပဲဖြစ်ဖြစ် တောင်းတာကသူ့အပိုင်း လိုက်ရောတာ မလိုက်ရောတာက ကိုယ့်အပိုင်း။ သူတို့တောင်းတာမရလို့ ကိုယ့်ကိုဆက်မတွဲဘူးဆိုရင် ကိုယ့်ကိုတကယ်မချစ်လို့ပေါ့။ ကိုယ်ကလိုက်ရောလိုက်ပြီးမှ ဒီမိန်းကလေးက ဒီလိုပဲ လွယ်တယ်လို့ထင်သွားရင် ကိုယ်ပဲ ကိုယ်ကျိုးနည်းရမှာလို့ ကျွန်မပြောခဲ့တယ်။ သူ့ရွေးခြယ်မှုကိုလား ကျွန်မနဲ့မဆိုင်ဘူးလေ။ သူ့ဘ၀သူပိုင်တာကိုး။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာထွက်ပြီး အလုပ်လုပ်နေရတဲ့ သူငယ်ချင်းတွေကို အမြဲအားပေးတယ်။ တချို့က အလုပ်အတွေ့အကြုံ အခက်အခဲတွေ၊ ဘာသာစကား မကျွမ်းကျင်မှုတွေစုံလို့ပေါ့။ ကျွန်မလဲ သူတို့နဲ့မခြား ပညာသင်ခဲ့ရတာပဲလေ။ လိုအပ်ချက်တွေ အားနည်းမှုတွေကို စာနာနိုင်တာပေါ့။ ကျွန်မကြုံခဲ့ရတာတွေနဲ့အမြဲယှဉ်ပြီးပြောပြတတ်တယ်။ သူတို့ကို လူတိုင်းမှာ အခက်အခဲရှိတာကိုပြချင်တာလဲပါတာပေါ့။ ငါအခက်အခဲကို ကျော်လွှားနိုင်တယ်ဆိုပြီး ဂုဏ်ယူတာမျိုးမရှိခဲ့ပါဘူး။

လိုအပ်လာတဲ့လူကို ကူညီရမှာ ၀န်မလေးပေမယ့် တခါတလေ ကျွန်မစိတ်ထဲ ကန့်လန့်ဖြစ်လာရင်တော့ အဲလူကို လွှတ်ထားလိုက်ပါတယ်။ တခါက မဖြစ်မနေတက်ရမယ်ဆိုလို့ သင်တန်းတခုတက်တယ်။ ကျွန်မမှာက အလုပ်အတွေ့အကြုံရှိဖူးတယ်ဆိုတော့ ကျွန်မအတွက်လွယ်ကူတယ်ပေါ့။ တူတူတတ်တဲ့ သူငယ်ချင်းကလည်း သူမှာ ခုသင်တန်းအတွက် ဗဟုသုတရှိပြီးသားလို့ပြောတယ်။ ကျွန်မဘေးကတယောက်ကတော့ တခါမှမသိဘူးတာကိုသင်နေရလို့ သူ့အတွက် အသစ်အဆန်း အခက်အခဲဖြစ်နေတယ်။ အဲဒါနဲ့ ကျွန်မသူ့ကို ကူပြီး ရှင်းပြခဲ့တယ်။ ကျွန်မသူငယ်ချင်းရဲ့ မူက သူများလုပ်နိုင်တာ သူဘာလို့မလုပ်နိုင်ရမှာလဲ စိတ်ရှိတော့ ကျွန်မသူ့ကိုပြောနေရင် ဆရာလုပ်သလိုဖြစ်မှာနဲ့ လွှတ်ထားလိုက်တယ်။ နောက်တော့ မကြာဘူး သူသင်တန်းကထွက်သွားတယ်။ မထွက်ခင် ကျွန်မသူ့ကိုပြောသေးတယ် မသိတာရှိရင် ပြောပြမယ် မထွက်ပါနဲ့ဆိုတာ သူကလက်မခံဘူး။ ကျွန်မဘာများ ပိုလုပ်ပေးနိုင်မှာလဲနော်။

ကျွန်မပြောပြပေးလိုက်လို့ အဆင်ပြေသွားရင်လား ကျွန်မ၀မ်းသာတယ်။ တချို့လူတွေက အသိအမှတ်ပြုလာရင် အတိုင်းအဆမဲ့ပေါ့။ အဆင်မပြေဘူးဆိုရင်တော့ စိတ်မကောင်းဖြစ်ရတာပေါ့။ ဥပမာတခုပေးရရင် အရမ်းခက်တဲ့ ဂိမ်းတခုကစားတယ်ဆိုပါတော့။ ကိုယ်ရောက်တဲ့အဆင့်တိုင်းကို အားကျိုးမာန်တက် ကစားလိုက်ရတယ်။ အဲလိုနဲ့ ကစားတာ အဆင့်များလာလေ အရင်ကအဆင့်တွေက လွယ်သွားလေလို့ ခံစားရလာလေပေါ့။ ခုမှစကစားရတဲ့သူတွေကို ဒီလောက်လွယ်လွယ်လေးကို ဘာလို့ခက်နေရတာလဲ ငါကစားနေတဲ့အဆင့်ဆိုဘယ်လောက်ခက်တာလို့ ပြောတတ်တဲ့လူတွေနဲ့ကြုံခဲ့ရတော့ ကျွန်မကတော့တခြားသူတွေကို ဒီဂိမ်းလေးကို ဘယ်လိုလွယ်ကူအောင် ကစားရတယ်လို့ ကူညီပြီးပဲပြောပြချင်ပါတယ်။

Wednesday, October 9, 2013

ကျွန်မအကြောင်း ကျွန်မအမြင် ကျွန်မ မကျွမ်းကျင်တဲ့အရာ

ကျွန်မကို မာနကြီးတဲ့သူ၊ စကားနည်းသူ၊ ကြီးကျယ်သူလို့ တချို့လူတွေက ထင်ကြတယ်။ အဲလူတွေက ကျွန်မနဲ့ (သူငယ်ချင်းဖြစ်သွားရင်ဖြစ်သွားနိုင်ပေမယ့်) မရင်းနှီးတဲ့သူတွေပါ။ သူတို့ကိုယ်သူတို့တော့ ကျွန်မအကြောင်းတော်တော်သိတယ်လို့ ထင်ကြပါလိမ့်မယ်။ 

ကျွန်မနဲ့ စိတ်ထဲ ရင်းနှီးသွားပြီလို့ထင်ရတဲ့သူကိုလား... ပါးစပ်မပိတ်တမ်း သူနဲ့ပဲ ကျွန်မစကားပြောတော့မှာပါ။ တခြားလူတွေကို ရှိတယ်လို့တောင် ကျွန်မဂရုစိုက်မှာမဟုတ်ဘူး။ ကျွန်မလူတိုင်းနဲ့လိုက်လျောအောင်နေပေမယ့် ကျွန်မ ရင်ထဲက ကျွန်မအပေါ်ကောင်းတယ်လို့ မြင်တဲ့သူကိုတော့ သူဘာလိုလို လုပ်ပေးဖို့ဝန်မလေးဘူး။ 

ကျွန်မ အကြောင်းပြောကြည့်ရအောင်။ ကျွန်မက ရန်ကုန်မြို့ရဲ့ လူနေရှုပ်ထွေးပွေလီလှတဲ့ တိုက်ခန်းတွေမှာ ကြီးပြင်းခဲ့ရတာပါ။ မြို့လယ်နေ လူတန်းစားတွေရဲ့ အလေ့အထအတိုင်း ကလေးတွေဟာ လမ်းတွေထဲမှာ ညနေခင်းဆို ကြိုးခုန်၊ ထုတ်ဆီးတိုး၊ လိုက်တန်းပြေးတန်း ကစားနည်းမျိုးစုံ ကစားကြတယ်။ နွေရာသီကျောင်းပိတ်ရက်ဆိုရင်တော့ မရပ်မနားတန်း ကစားကြတာပေါ့။ အဲလိုအချိန် ကျွန်မဘာလုပ်လဲ ဟုတ်လား။ အိမ်ရှေ့  ပြတင်းပေါက်က သံတိုင်လေးတွေကိုကိုင်ပြီး ရွယ်တူကလေးတွေ ကစားခုန်ပေါက် ရယ်မောနေတာတွေကို ထိုင်ကြည့်နေတာပေါ့။ ကျွန်မမှာ သူတို့လို ကစားခွင့် သူငယ်ချင်းထားခွင့် အိမ်လည်ခွင့်မှ မရှိဘဲ။ တခါတရံ နွေကျောင်းပိတ်ရက် အဖွားအိမ်သွားလည်လို့ ၀မ်းကွဲတွေနဲ့ ကစားရင်တောင် အိမ်ရှေ့မှာပဲ ကျွန်မကစားရတယ်။ သူတို့ တခြားနေရာမှာ သွားကစားမယ်ဆိုရင် ကျွန်မကိုထားခဲ့ကြတယ်။ ကျွန်မလိုက်ချင်ရင်တောင် ပေးမလိုက်ကြဘူး။ ကျွန်မကြောင့် သူတို့ဆူခံထိမယ်တဲ့။ သူတို့သွားကြရင် ကျွန်မတစ်ယောက်တည်း ကျန်ခဲ့ရပါတယ်။ သူငယ်ချင်းအသစ်ထားတာဟာ ကျွန်မရဲ့ ရိုးတွင်းချဉ်ဆီထဲ ဆွဲနေတဲ့ မကျွမ်းကျင်တဲ့အရာဖြစ်လာခဲ့တယ်။ 

မူလတန်းကနေ ကျောင်းကြီးပြောင်းတော့ ကျွန်မနေတဲ့ အိမ်ရှေ့က ကောင်မလေးကလည်း ကျွန်မ အတန်းတူ အခန်းကွဲဖြစ်လာတယ်။ ကျောင်းရောက်တော့ တဖြေးဖြေးရင်းနှီးလာတော့ ကျွန်မဘာလို့ ကြီးကျယ်ပြီး သူတို့နဲ့ ဘာလို့မကစားတာလဲဆိုတာ သူတို့သိလာကြတယ်။ အထက်တန်းကျောင်းတလျှောက်မှာ ကျွန်မကိုနားလည်ပေးတဲ့သူတွေ လက်ချိုးရီလို့ရပါတယ်။ တယောက်က ခုထိကျွန်မမွေးနေ့ကို မှတ်မိတုန်း။ မွေးနေ့ရောက်ရင် သူကိုယ်တိုင်မလာနိုင်ရင်တောင် ကျွန်မဆီလက်ဆောင်တွေက ရောက်လာတတ်တယ်ပြီး ကျွန်မအနွံအနာကို အခံဆုံး၊ ကျွန်မအချစ်ရဆုံးသူပေါ့။ နောက်တစ်ယောက်က လူ့လောကထဲကနေ အစောကြီးထွက်ခွါသွားပြီ။ နောက်တစ်ယောက်က ကျွန်မထက်ကြီးပေမယ့် ရွယ်တူလိုပဲ ကြီးပြင်းခဲ့တာ။ သူက ကျောင်းသွားကျောင်းပြန် ကျူရှင်တတ်ဖို့တောင် အိမ်တိုင်ယာရောက်လာခေါ်တတ်တဲ့သူ။ နောက်တစ်ယောက်ကတော့ မူလတန်းထဲကနေသိကျွမ်းခဲ့ပြီး သူ့တစ်ယောက်အိမ်ကိုပဲ ကျွန်မတခါတရံသွားကစားခွင့်ရခဲ့တဲ့ ကျွန်မသူငယ်ချင်းပေါ့။ 

ကျွန်မ ဖာသီးဖာသာနေတတ်တဲ့အကျင့်က အထက်တန်းကျောင်းပြီးလို့ ကွန်ပြူတာသင်တန်းတတ်တော့လည်း မပြောင်းပါဘူး။ ကျွန်မဘေးက အမကလွဲလို့ တခြားသူတွေကို ကျွန်မစကားမပြောပါဘူး။ သင်တန်းပြီးလို့ အလုပ်ပြန်လျှောက်တော့ ဆရာမတွေက ကျွန်မကို အလုပ်ပြန်ခန့်ဖို့ တော်တော်စဉ်းစားကြတယ်။ ဒီလောက်စကားနည်းတဲ့သူကို ဘယ်လိုအလုပ်ခန့်မလဲပေါ့နော်။ ကံကောင်းတယ်ပဲဆိုရမလား ကျွန်မ သင်တန်းမှာအလုပ်ရသွားတယ်။ အလုပ်ခွင်ဝင်တော့ တဖြေးဖြေးနဲ့သိတဲ့သူတွေများလာတယ်။ ကျွန်မအကြောင်းသိပ်မသိကြပေမယ့် ကျွန်မ သူငယ်ချင်းတွေဖြစ်လာတယ်။ အစ်ကိုတွေ အမတွေလိုတွေလည်း ရှိလာတယ်။ ဆယ်ကျော်သက်နဲ့ အလုပ်ခွင်ဝင်ခဲ့တာဆိုတော့ အပေါင်းအသင်းများလာလေ ကျွန်မပျော်လေဖြစ်ရတာပေါ့။ 

တရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို အလုပ်တခုကနေ တခုပြောင်းလို့ သုံးခုမြောက်မှာ တကယ့်လူ့လောကအလုပ်ခွင်ထဲရောက်သွားခဲ့ပါတယ်။ ယှဉ်ပြိုင်မှုတွေ၊ မနာလိုမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ပေါ့။ လူဆိုတာကလည်း သူတို့မရတာ သူများရရင် မကျေနပ်နိုင်ကြဘူးလေ။ ကျွန်မအတွက်ကတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မကျေနပ်တာက ကျွန်မမဟုတ်ဘူး သူတို့မရနိုင်တာ ကျွန်မရခဲ့လို့လေ။ ထားပါတော့။ အဲမှာလည်း အပေါင်းအသင်းမိတ်ဆွေတွေရခဲ့ပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေလို၊ ဆယ်ကျော်သက်အရွယ် အလုပ်ခွင်က သူငယ်ချင်းတွေလိုတော့ မဟုတ်တော့ဘူးပေါ့။ 

ကျွန်မအကြောင်းကို ဘယ်သူမှ သေချာမသိကြပါဘူး။ ကျွန်မကို သူငယ်ချင်းတစ်ယောက်ကပြောတယ် နင်က ငါတို့လို လမ်းဘေးကအစားအစာတွေမစားလို့ ခုလို နိုင်ငံမျိုးရောက်တာတဲ့။ ကျွန်မသူ့ကို ဘာပြန်ပြောရမှာလဲ ကျွန်မလမ်းဘေးစာတွေစားတဲ့အခါ သူမှ မပါဘဲကိုး။ တခြားသူတွေ တက္ကသိုလ်ပျော်ပျော်ကြီးတတ်၊ လျှောက်လည်နေချိန်မှာ ကျွန်မမှာ အလုပ်တဘက်နဲ့ (အလုပ်အဆင်ပြေအောင်) တခြား သင်တန်းတွေတဘက်ရှုပ်နေတာ ဘယ်သူသိမှာလဲ။ 

ဒီနှစ်ရန်ကုန်ပြန်လည်တော့ မောင်လေးကပြောတယ် မကြီးက ကံကောင်းတယ် ငယ်ငယ်က သူငယ်ချင်းတွေ ခုထိ ဆက်ခင်တုန်း အဆက်အသွယ်ရှိတုန်းနော်တဲ့...

Tuesday, October 8, 2013

မေးပါများစကားရ

ကျွန်မရင်းနှီးတဲ့သူတွေနဲ့ စကားပြောရင် ဒီနေ့ ဘာချက်စားလဲ။ ဘာချက်မှာလဲ။ မေးလေ့ရှိပါတယ်။ တချို့လူတွေအမြင်မှာတော့ ဘာလို့ ဘာဟင်းချက်တယ်မေးတာလဲ အချိန်ကုန်တယ်လို့ ထင်ကြချင်ပါလိမ့်မယ်။ စကားပြောတာ အရေးကြီးတာမပြောဘူး အပိုတွေမေးတယ်လို့မြင်တဲ့လူတွေလည်းရှိပါတယ်။ ဟင်းချက်တာများ ဘာထူးဆန်းလို့လဲလို့ တွေးချင်တွေးကြလိမ့်မယ်။ 

ကျွန်မအတွက်တော့ ဆန်းပါတယ်။ တသက်လုံး အိမ်ကချက်သ မျှကို ကြိုက်ကြိုက် မကြိုက်ကြိုက်စားခဲ့လို့ပါ။ မာမီက ဟင်းချက်တာ အရမ်းကောင်းတဲ့အထဲမှာ မပါပါဘူး။ အိမ်အတွက်စီးပွားရှာရင်း မအားတဲ့တဘက်ကနေ သူဝါသနာမပါပေမယ့် သူ့သားသမီးတွေအတွက် ဘယ်သူမှမနိုးခင်ထ ဈေးသွား၊ ဟင်းချက်လေ့ရှိပါတယ်။ ဆိုတော့ တခြားမိသားစုတွေ ထမင်းဝိုင်းလို ဟင်းစုံချင်မှစုံမယ်။ ဒါပေမယ့် သူတတ်နိုင်တာကိုတော့ အမြဲလုပ်ပေးလေ့ရှိတယ်။ဒီတော့ကာ ကျွန်မအတွက် ဟင်းချက်နည်းတွေ၊ ဟင်းအစပ်အဟပ်တွေက အထူးအဆန်းပေါ့။ ယောကျာင်္းမယူခင်ကမှ ယောကျာင်္းကို ဟင်းချက်ကျွေးနိုင်တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကမန်းကတန်း ဟင်းချက်သင်တန်း အခြေခံကို အမြန်တက်ပါတယ်။ ဟင်းချက်တာကို ၀ါသနာပါတဲ့ မျိုးရိုးက ဆင်းသက်လာတာ မဟုတ်လေတော့ ဘယ်ဟင်းနဲ့ ဘယ်အရံလိုက်မယ်လို့ စဉ်းစားရတာ ကျွန်မအတွက်အလွန်ကို ခက်ခဲလှပါတယ်။ ကျွန်မ မစားဖူးတဲ့ ဟင်းတွေလည်း အများကြီးပါ။ ခုချိန်ထိ ကောင်းနိုးရာရာကို ရမ်းသမ်းပမ်းသမ်း ချက်နေတုန်းပါ။ ယောကျာင်္းက ဒီဟင်းစားချင်တယ်ဆို ကိုယ်မချက်တတ်လို့ တတ်သုတ်ရိုက် သိတဲ့သူရှိရင် ဖုန်းဆက်မေး (သို့) အွန်လိုင်းတက် ဟင်းချက်နည်းရှာနဲ့ပေါ့။

ဘယ်သူကိုပဲဖြစ်ဖြစ် ဟင်းချက်တာကောင်းရင် သူတို့ဟင်းချက်နည်းကို အရှက်မရှိ မေးလေ့ရှိပါတယ်။ ဥပမာ ကြက်သားဟင်းခြင်းတူပေမယ့် တယောက်နဲ့တယောက်ချက်တာမတူကြပါဘူး။ ဆိုတော့ ကျွန်မကြိုက်တဲ့ ကြက်သားဟင်းတိုင်းကို ဘယ်လိုချက်လဲမေးပြီးမှ ချက်တဲ့အခါ သူတို့ပြောတာလေးတွေ ကိုယ့်ဟန်လေးပြင်ကြည့် (အချိုမှုန့်မစားတော့ သူတို့ အချိုမှုန့်ထည့်ပေမယ့် လိုက်မထည့်ဘူးပေါ့) ကောင်းမကောင်းကြည့် မကောင်းရင် နောက်တခါချက်တော့ ဟိုဟာလေးပိုထည့် ဒီဟာလေးပိုထည့်နဲ့ ချက်။ ကျွန်မပြောချင်တာက ကျွန်မတို့ဟင်းချက်နည်းတွေက တခြားနိုင်ငံဟင်းချက်နည်းတွေလို ဆားကို ဘယ်အချိုး၊ ငြုပ်သီးမှုန့်ကို ဘယ်နှစ်ဇွန်းဆိုတဲ့ အတိုင်းအတာ အတိအကျမရှိဘူးလေ။ လူတိုင်းဘယ်လိုချက်လဲ မေးလိုက်ရင် အဖြေက လွယ်ပါတယ် ဆီသတ် ပြီးရင် အသားကိုထည့်လိုက် ဒါပဲပေါ့။ အမှန်က ဆီသတ်တာမှာလဲ ပညာသားပါသလို ဟင်းခပ်အမွှေးအကြိုင်တွေထည့်ရာမှာလည်း အချိုးအစား အနည်းအများပေါ်လိုက်ပြီး အရသာကွဲစေပါတယ်။

ဘယ်အရာမဆို ကိုယ်မသိရင် တပည့်ခံရတာချည်းပါပဲ။ ပညာရှာ ပမာသူဖုန်းစားဆိုတာမျိုးပေါ့။ပညာဝေမျှချင်တဲ့သူရှိသလို မဝေမျှချင်တဲ့သူတွေလည်းရှိပါတယ်။ မေးပါများစကားရဆိုသလို ပြောပြချင်တဲ့သူဖြစ်စေ မပြောပြချင်တဲ့သူဖြစ်စေ ကိုယ်က စပြီး မမေးရင် အဖြေမရနိုင်ဘူး။ မေးဖို့ကို မရှက်ကြရင် လိုချင်တဲ့ အဖြေရနိုင်မှာ ရာခိုင်နှုန်းပိုများတယ်လေ။

ကိုယ်ပိုင်အခွင့်အရေး

ဒီနေ့ သမီးသူငယ်ချင်းလာကစားတော့ ကလေးတွေရဲ့ သဘာဝထုံးစံအတိုင်း အိမ်မှာသာကျယ်တဲ့ ကျွန်မအိန်ဂျလ်လေးက သူ့သူငယ်ချင်းကို ရိုက်လိုက်တယ်။ အဲအချိန်မှာ ကျွန်မနဲ့ စကားပြောနေတဲ့ ဧည့်သည်အမေက သူ့သမီးဆီသွားပြီးပြောတယ်။ ရိုက်တာကို မကြိုက်ရင်ဘာလို့ နိုးမပြောတာလဲတဲ့။ ကျွန်မတို့ သားအမိရှေ့မှာပဲပြောတာပါ။ သူဘာလို့ သူ့သမီးကို အဲလိုသင်ပေးတာလဲလို့ တွေးမိတယ်။ 

ကျွန်မတို့တွေ သူများကလေးက ကိုယ့်ကလေးကို ရိုက်လိုက်ရင် ဘယ်လိုတုန့်ပြန်မလဲ... ရှေ့မှာတော့ ဘာမှ မဖြစ်သလိုနေပြီး ကွယ်ရာမှာ ကိုယ့်သားသမီးကို ဟဲ့.ဘာလို့ရိုက်တာခံလိုက်တာလဲ သူရိုက်ရင် ပြန်ရိုက်ပါလားလို့ သင်မှာလား... ဒါမှမဟုတ် တော်တော်ညံ့တဲ့ကောင် နောက်တခါ ကိုယ်ကဦးအောင်ဆော်လို့ ကလေးကို ရဲသွေးင်ပေးမှာလား... သူနဲ့သွား မကစားနဲ့တော့လို့ ပြောမှာလား...

ဧည့်သည်မိခင် သူ့သမီးကို ရွေးခြယ်ခိုင်းတာပါ။ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောတတ်အောင် သင်ပေးတာ။

ကျွန်မတို့ လူ့ပတ်ဝန်းကျင်မှာ ကိုယ်မကြိုက်တာ ရှိရင် မပြောဘဲ ကျိတ်ခံတာများတယ်။ ကျေးဇူးရှင်မို့၊ အထက်အရာရှိမို့၊ အသက်ကြီးလို့၊ ပိုချမ်းသာလို့၊ ဆက်ဆံရေး မပြေလည်တော့မှာဆိုးလို့... အားလုံးကို ထောက်ရှု့ ပြီး အတတ်နိုင်ဆုံး ကိုယ်မကြိုက်ပေမယ့်လည်း သီးခံကြပါတယ်။ အဲလို သီးခံလိုက်တော့ နှစ်ဦးနှစ်ဘက်က ဆင်းလုံးချောအဆင်ပြေလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ပါရမီရှင်တွေကတော့ အပြုံးမပျက်ဆက်ခံနိုင်ပေမယ့်... တချို့ကတော့ အောင့်အီးသီးခံပါများတော့ ပေါက်ကွဲကုန်ပါတယ်။ ပေါက်ကွဲတဲ့အခါ ဘယ်သူ့ကိုလဲ ကိုယ့်ကိုပြောတဲ့သူကိုလား...ကိုယ့်ကြင်ယာဖက်ကိုလား... ကိုယ့်သားသမီးတွေကိုလား... ခွေးလေး ကြောင်လေးတွေကိုလား...

မကြိုက်ဘူးဆိုတဲ့ အရာတခုကို ပြောပိုင်ခွင့် ကိုယ့်မှာ အပြည့်အ၀ရှိပါတယ်။ ရှိတဲ့ အခွင့်အရေးကို အသုံးချသင့်တဲ့ အချိန်မှာ အသုံးကျအောင် ကြိုးစားကြည့်ရအောင်။

သူငယ်ချင်းဆိုတာ...

ကျွန်မ မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေကို ပေါင်းတယ်ဆိုတာ သူ့နေရာနဲ့သူ ခွဲခြားပေါင်းရတယ်တဲ့။ ဈေးဝယ်ထွက်တဲ့အခါ ပေါင်းလို့ရတဲ့ သူငယ်ချင်းရှိသလို၊ ရုပ်ရှင်တူတူကြည့်လို့ရတဲ့ သူငယ်ချင်း၊ ကိုယ့်အတွင်းရေးကို ပြောပြလို့ရတဲ့ သူငယ်ချင်း၊ ကျောင်းသွားဖော် သူငယ်ချင်း၊ အကူအညီလိုရင် မေးမြန်းဆွေးနွေးနိုင်တဲ့ သူငယ်ချင်း ဆိုပြီးရယ်လို့ရှိတယ်တဲ့။

ဈေးဝယ်ထွက် ပျော်ရွှင်ဖွယ်ရာတွေတူတူလုပ်တဲ့ သူငယ်ချင်းကို ကိုယ့်အတွင်းရေးတွေသွားပြောလို့ ရချင်မှရနိုင်မယ်။ တူတူပျော်နိုင်ပေမယ့် တူတူကူပြီး ငိုပေးနိုင်မှာ မဟုတ်ဘူး။ ကျောင်းသွားဖော် သူငယ်ချင်းကလည်း ရုပ်ရှင်လိုက်ကြည့်နိုင်ချင်မှာ လိုက်ကြည့်နိုင်မယ်။ မေးမြန်းနိုင်တဲ့ သူငယ်ချင်းကလည်း ကိုယ်အကူအညီ မလိုရင် သူကိုကိုယ်က သွားခေါ်မှာ မဟုတ်ဘူးလေ။

လောကမှာ သူငယ်ချင်းတွေ အမျိုးမျိုးကိုတွေ့နိုင်တယ်။ သူငယ်ချင်းတိုင်းက သင့်လိုချင်တာတွေအားလုံး မဖြည့်ဆီးပေးနိုင်ဘူးဆိုတော့ "ဟိုသူငယ်ချင်းကတော့ ငါ့ကိုကူညီနိုင်တယ်။" "ဒီသူငယ်ချင်းကတော့ ငါ့နဲ့စာတူတူလုပ်နိုင်တယ်။" "သူက ငါမေးသမျှပြောတယ်" လို့ ပြောနေမယ့်အစား သင့်လျှော်ရာ နေရာမှာ သင့်တော်တဲ့ သူငယ်ချင်းကို ရွေးခြယ်ဖို့ပဲလိုတယ်။